အိမ်စောင့်အစိုးရရဘယ်အချိန်သက်တမ်းကုန်မလဲ

ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးတဲ့နောက်မှာ စစ်ဗိုလ်ချုပ်တွေဟာ သူတို့အစိုးရကို ဘယ်လိုနာမည်ပေးရမလဲဆိုတာကို အကြိတ်အနယ်ဆွေးနွေးခဲ့ကြပါတယ်။

ဆန်ခါတင် နာမည်တွေထဲကမှ လက်ရှိအသုံးပြုနေတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဆိုတဲ့ နာမည်ကို ရွေးခဲ့ကြတာဖြစ်ပါတယ်။

အာဏာသိမ်းပြီးလို့ ၆ လပြည့်တဲ့ သြဂုတ် ၁ ရက်မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ စီမံခန့်ခွဲရေးကော်မတီ ကို အိမ်စောင့်အစိုးရအဖွဲ့လို့ အမည်ပြန်ပြောင်းခဲ့ပါတယ်။

နိုင်ငံတော်တာဝန်တွေ ပိုပြီးလွယ်ကူ၊လျှင်မြန်၊ထိရောက်အောင် ဆောင်ရွက်ဖို့လို့ အမိန့်စာမှာပါပါတယ်။

တကယ်တော့ ဒါဟာ ကော်မတီတစ်ခုကို နာမည်ပြောင်းလိုက်တာသာ ဖြစ်ပါတယ်။

အာဏာသိမ်းပြီးကထဲက နိုင်ငံတော်သမ္မတရုံးကိုလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးအဖြစ်အမည်ပြောင်းပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးကိုလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အုပ်ချုပ်မှူရုံးအဖြစ် အမည်ပြောင်းလဲခဲ့ပြီးဖြစ်ပါတယ်။

အိမ်စောင့်အစိုးရဖွဲ့စည်းပုံ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ စီမံခန့်ခွဲရေးကော်မတီဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးတွေ၊ ပြည်ထောင်စု‌ရှေ့နေချုပ်နဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အုပ်ချုပ်မှူရုံးက အမြဲတမ်းအတွင်းဝန်တို့နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

ဒါကြောင့် ဒီကော်မတီမှာ ပြည်ထောင်စုဝန်ကြီးတာဝန်ယူထားတဲ့ ကောင်စီဝင်တချို့ကလွဲလို့ ကောင်စီဝင်တိုင်း ပါတာမဟုတ်ပါဘူး။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပဲ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ နိုင်ငံခြားရေးရာမူဝါဒကော်မတီလို အဖွဲ့အစည်းမှာတော့ ကောင်စီဝင်တွေဖြစ်တဲ့ ဗိုလ်ချုပ်ကြီးမြထွန်ဦး၊ ဦးသိန်းညွန့်နဲ့ ဦးခင်မောင်ဆွေတို့ ပါဝင်တာတွေ့ရပါတယ်။

စီမံခန့်ခွဲရေးကော်မတီ ဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ပြည်ထောင်စုအစိုးရအဖွဲ့ ပုံစံကို ယူထားတာလည်းဖြစ်ပါတယ်။

သမ္မတနဲ့ ဒုသမ္မတ တွေနေရာမှာ တပ်ချုပ်နဲ့ ဒုတပ်ချုပ် ကနေရာယူထားတဲ့ပုံစံဖြစ်ပါတယ်။

အဲ့ဒီကော်မတီကို အိမ်စောင့်အစိုးရအဖွဲ့ လို့ ပြောင်းလိုက်တဲ့အခါ တပ်ချုပ်က နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူလိုက်ပြီး ဒုတပ်ချုပ်က ဒုတိယဝန်ကြီးချုပ်အဖြစ် တာဝန်ယူမှာဖြစ်ပါတယ်။

ပြည်ထောင်စုဝန်ကြီးတွေနဲ့ ပြည်ထောင်စု‌ရှေ့နေချုပ်က မူလအတိုင်းပါဝင်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အုပ်ချုပ်မှူရုံး၊ အမြဲတမ်းအတွင်းဝန်နေရာမှာ ရုံး အမြဲတမ်းအတွင်းဝန် လို့ပဲပြောင်းလဲ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

နိုင်ငံတော်ဝန်ကြီးချုပ်ရာထူးဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ မပါပေမယ့်လို့ အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်တွေထဲက ပုဒ်မ ၄၁၉ ကို ကျင့်သုံးပြီး တပ်ချုပ်ဟာ အိမ်စောင့်အစိုးရအဖွဲ့ကို ဖွဲ့စည်းခွင့် ရှိနေတာလည်း ဖြစ်ပါတယ်။

‘တပ်ချုပ်က အစိုးရအဖွဲ့အကြီးအကဲနေရာကို ယူလိုက်တဲ့သဘောပေါ့။ နိုင်ငံတော်အကြီးအကဲကတော့ သမ္မတပဲ’ လို့ အစိုးရအဖွဲ့ထဲပါခဲ့ဖူးတဲ့ အငြိမ်းစားတပ်မတော်အရာရှိကြီးတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

အိမ်စောင့်အစိုးရ ဆိုတဲ့ အမည်ဟာ မြန်မာနိုင်ငံမှာ တပ်မတော်က ပထမဆုံးအာဏာသိမ်းတုန်းက အမည်ကိုပြန်ယူထားတာလည်းဖြစ်ပါတယ်။

၁၉၈၈ အာဏာသိမ်းမှုမှာလည်း တပ်ချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးစောမောင် ဦးဆောင်တဲ့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီးစောမောင်ကပဲ အစိုးရအဖွဲ့မှာ ဝန်ကြီးချုပ်ဖြစ်ပါတယ်။

သူ့ကိုဆက်ခံတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက်မှာ နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီလို့ အမည်ပြောင်းလဲခဲ့ပြီး ကောင်စီကိုရော အစိုးရအဖွဲ့ကိုပါ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ က ဝန်ကြီးချုပ်အဖြစ် တာဝန်ယူပါတယ်။

လက်ရှိအာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း အဲ့ဒီလမ်းစဥ်ကိုလိုက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ အဖြစ်ရော ဝန်ကြီးချုပ်အဖြစ်ပါ တာဝန်ယူလိုက်တာလည်းဖြစ်ပါတယ်။

‘ကောင်စီက မူဝါဒချမှတ်တာ၊ အိမ်စောင့်အစိုးရက အဲ့ဒီမူဝါဒတွေကိုအကောင်အထည်ဖော်မှာ၊ ဒီလိုပဲနားလည်ပါတယ်’ လို့ နိုင်ငံရေးလေ့လာသူတစ်ဦးဖြစ်တဲ့ ဦးရဲထွန်းကပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရဲ့ ၆ လပြည့်မိန့်ခွန်းမှာ ၂၀၂၃ သြဂုတ်လအထိပဲ တပ်မတော်က အာဏာရယူထားပြီး ရွေးကောက်ပွဲကို မဖြစ်မနေလုပ်ပေးမယ်လို့ ကတိပြုခဲ့တာ တွေ့ရပါတယ်။

အတိုက်အခံတွေ နဲ့ နိုင်ငံရေးအကဲခတ်တချို့ကတော့ ဒီအပေါ်အယုံအကြည်မရှိကြပါဘူး။

ဝန်ကြီးဌာနတချို့အပြောင်းအလဲလုပ်

ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ပြည်ထောင်စုဝန်ကြီးတာဝန်ယူထားတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနကို (၁) နဲ့ (၂) ခွဲလိုက်ပါတယ်။ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီးနေရာကို ပြန်ကြားရေးဝန်ကြီး ဦးချစ်နိုင်ရောက်လာပါတယ်။

ဟိုတယ်ခရီးဝန်ကြီး ဦးမောင်မောင်အုန်းက ပြန်ကြားရေးဝန်ကြီး ဖြစ်လာပြီး ဝန်ကြီးဌာန နှစ်ခုကို ပူးတွဲတာဝန်ယူရတာဖြစ်ပါတယ်။

ဦးမောင်မောင်အုန်းဟာ အငြိမ်းစား ဗိုလ်ချုပ်ဖြစ်ပြီး ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်တို့နဲ့ တစ်ပတ်စဥ်ထဲဖြစ်ပြီး အပတ်စဥ် (၂၂) ဆင်း ဖြစ်ပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်လုပ်ခဲ့သူလည်းဖြစ်ပါတယ်။

NLD အစိုးရလက်ထက်မှာ ပေါင်းစပ်ဖွဲ့စည်းခဲ့တဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာနကို အလုပ်သမားဝန်ကြီးဌာနဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာန အဖြစ်ပြန်ခွဲလိုက်ပါတယ်။

ဦးသိန်းစိန်အစိုးရလက်ထက်က လဝက ဝန်ကြီးဟောင်းဦးခင်ရီက လဝက ဝန်ကြီးပြန်ဖြစ်လာပါတယ်။

NLD နိုင်တဲ့ ၂၀၂၀ ရွေးကောက်ပွဲကိုမဲမသမာမှုရှိတယ်လို့စွပ်စွဲပြီး အာဏာသိမ်းပြီးတဲ့နောက် မှတ်ပုံတင်မရှိဘဲ မဲပေးခဲ့တဲ့ကိစ္စတွေအပေါ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မကြာခဏထုတ်ပြောလေ့ရှိပါတယ်။ဒါကြောင့် မှတ်ပုံတင် ၄ သန်းနီးပါးကို စစ်ကောင်စီကကျင်းပပေးမယ့် ရွေးကောက်ပွဲမတိုင်မီ ထုတ်ပေးဖို့ လဝက ဝန်ကြီးဌာနကို သူက ညွှန်ကြားထားပါတယ်။

ကြံ့ခိုင်‌ရေးပါတီ ဒုတိယဥက္ကဋ္ဌကနေ လဝက ဝန်ကြီးဖြစ်လာတဲ့ ဦးခင်ရီဟာ မှတ်ပုံတင် ၄ သန်းနီးပါးထုတ်ပေးရမယ့် ပန်းခင်းစီမံချက်ကို အဓိကကိုင်တွယ်ရမယ့်သူဖြစ်လာပါတယ်။

အလားတူ NLD အစိုးရလက်ထက်မှာ ပေါင်းစပ်ဖွဲ့စည်းခဲ့တဲ့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနကိုလည်း ကျန်းမာရေးဝန်ကြီးဌာန၊ အားကစားနဲ့လူငယ်ရေးရာဝန်ကြီးဌာနတွေအဖြစ် ပြင်ဆင်ဖွဲ့စည်းလိုက်ပြန်ပါတယ်။

ပြည်ထောင်စုအဆင့်ဝန်ကြီးဌာနတွေ အပြောင်းအလဲ လုပ်ပေမယ့်လို့ အောက်ခြေရပ်ကွက်ရုံးတွေ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာရုံးတွေဟာ အပြည့်အဝမလည်ပတ်နိုင်သေးဘဲ လက်နက်ကိုင်တွေလုံခြုံရေးယူပေးနေရဆဲပါ။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဌာန်းပြီးတဲ့နောက်မှာတော့ တိုင်းနဲ့ပြည်နယ်တွေမှာ အာဏာအရှိဆုံးက တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေဖြစ်လာပါတယ်။၂၀၂၁ အာဏာသိမ်းတဲ့အခါ တိုင်းမှူးတွေကို ပြန်ပွဲမထုတ်ဘဲ တိုင်း‌ဒေသကြီးနဲ့ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတွေကို အရပ်သားတွေကိုပဲ ပြန်ခန့်ခဲ့ပါတယ်။

အိမ်စောင့်အစိုးရလို့ ပြောင်းလဲလိုက်ချိန်မှာတော့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တွေကို ဝန်ကြီးချုပ်ပုံစံ ပြန်ထားပါတယ်။ စစ်ကိုင်း၊တနင်္သာရီနဲ့ ဧရာဝတီတိုင်း ဥက္ကဋ္ဌ ၃ ဦးကိုတော့ အပြောင်းအလဲလုပ်ခဲ့ပါတယ်။

ထူးခြားတဲ့အပြောင်းအလဲကတော့ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးတွေအဖြစ် ရဲမှူးကြီးတွေကို ခန့်လိုက်တာဖြစ်ပြီး ရန်ကုန်မန္တလေးနဲ့ ရှမ်းပြည်နယ်မှာတော့ ရဲမှူးချုပ်တွေကိုခန့်အပ်လိုက်တာပါ။

အရင်က စီမံ/ဘဏ္ဍာဝန်ကြီး အမည်နေရာမှာ စီးပွားရေးရာဝန်ကြီးလို့ အမည်ပြောင်းလဲလိုက်ပါတယ်။ ဒါ့အပြင် NLD အစိုးရလက်ထက်မှာထားတဲ့ လဝက ဝန်ကြီးနေရာတွေကိုဆက်မထားတာတွေ့ရပါတယ်။

အိမ်စောင့်အစိုးရရဘယ်အချိန်သက်တမ်းကုန်မလဲ

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၃ သြဂုတ်လအထိပဲ တပ်မတော်ကအာဏာရယူထားပြီး ရွေးကောက်ပွဲကို မဖြစ်မနေလုပ်ပေးမယ်လို့ ကတိပြုခဲ့တာဟာ ရုရှနဲ့ တရုတ်လို နိုင်ငံတွေ မြန်မာကိုအကာအကွယ်ပေးဖို့ အကြောင်းပြချက်ကောင်းရှာတွေ့သွားတာလည်းဖြစ်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက ပြောပါတယ်။

ပြည်ပခရီးထွက်တဲ့အခါ အစိုးရအဖွဲ့ခေါင်းဆောင်အနေနဲ့ ရှင်းရှင်းလင်းလင်းဖြစ်သွားအောင် အခုလိုပြောင်းလဲဖွဲ့စည်းတာလို့လည်း ရှုမြင်သူတွေရှိပါတယ်။

လာမယ့် စက်တင်ဘာမှာ ကုလသမဂ္ဂမှာ ဘယ်သူ့ကို အသိအမှတ်ပြုမလဲ ဆိုတဲ့ ကိစ္စ အပေါ် အတော်လေး ရင်ဆိုင် ပြောဆိုရမယ့် အခြေအနေ ရှိတာကို ရည်ရွယ်ပြီး စစ်ကောင်စီက အခုလို အိမ်စောင့် အစိုးရတစ်ရပ် အဖြစ် ပြောင်းလိုက်တာလို့ မြင်တဲ့အကြောင်း နိုင်ငံရေးအကဲခတ်တစ်ဦးဖြစ်သူ ဦးသန်းစိုးနိုင်ကပြောပါတယ်။

ဒီဝန်ကြီးချုပ်ပုံစံဟာ အိမ်နီးချင်း အာဏာသိမ်းခေါင်းဆောင် ပရာယွတ်ချန်အိုချာ ရဲ့ ပုံစံကိုယူတာလို့ လည်း သုံးသပ်သူတွေရှိကြပါတယ်။

အတိုက်အခံတွေကတော့ စစ်ကောင်စီဟာ အာဏာကိုကြာကြာချုပ်ကိုင်ထားချင်လို့ အခုလိုအပြောင်းအလဲတွေလုပ်နေတာလို့ ယုံကြည်ကြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ တရားရေးဝန်ကြီးဌာနက စစ်ကောင်စီရဲ့ အိမ်စောင့်အစိုးရအဖွဲ့ကို မတရားအသင်းအဖြစ် သြဂုတ် ၂ ရက်မှာ ကြေညာလိုက်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးဖြစ်တဲ့ ဦးရဲထွန်းကတော့ အိမ်စောင့်အစိုးရရဲ့သက်တမ်းဟာ အရေးပေါ်ကာလကြေညာထားတာကိုသမ္မတက ပြန်ရုပ်သိမ်းတဲ့အခါမှာ ကုန်ဆုံးမယ်လို့ အခြေခံဥပဒေကို ကိုးကားပြီး ဘီဘီစီကို ပြောပါတယ်။